Sunday, September 5, 2010

တန်ဖိုးရှိစွာနေထိုင်ခြင်း - Living a worthy life

ကျွန်တော်တို့ ကျော်လွန်ခဲ့ပြီးသောဘ၀အစိတ်အပိုင်းတွေကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပြီလား။ အဲဒီမေးခွန်းကို ကျွန်တော်တို့အနေဖြင့် ယခုအချိန်က တည်းက စတင်မေးဖို့ကောင်းပါတယ်။ သို့မှသာ မိမိဘ၀အတွက် အကျိုးရှိသည့် ကိစ္စရပ်များကို အချိန်မလင့်ခင် ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အများစုကတော့ ကောင်းသောအလေ့အကျင့်များကို ပြုစုပျိုးထောင်ဖို့ နှောင့်နှေးနေတတ်ကြပါတယ်။ အများစုထင်ထားတာက တစ်ချိန်မဟုတ်တစ်ချိန် အကြောင်း တစ်ခုတစ်ခုဖြင့် ကြီးပွါးတိုးတက်နိုင်သည်ဟု မှားယွင်းစွာ ယုံကြည်ထားသည့် အချက်ပင်ဖြစ်ပါတယ်။
ကျွန်တော်အမြင်အရဆိုလျှင် ကျွန်တော်သည် အထက်တန်းပညာကို အမြန်ပြီးဆုံးပြီး တက္ကသိုလ်တက်ဖို့ရန် အမြန်ဆုံးတောင့်တ မိပါတယ်။ အဲဒီနောက် တက္ကသိုလ်အမြန်ဆုံးပြီးပြီ လုပ်ငန်းခွင်သို့အမြန်ဝင်ရန် တောင့်တမိတယ်။ ၄င်းနောက် အိမ်ထောင်ပြုပြီး သားသမီးရယူဖို့တောင့်တမိတယ်။ ထိုမှတဆင့် သားသမီးများ ပညာတတ်လူတော်လူကောင်း များဖြစ်ဖို့ တောင့်တမိတယ်။ ထို့နောက် လုပ်ငန်းခွင်မှ အနားယူဖို့ရန် တောင့်တမိတယ်။ အထက်ပါအရာများကို တောင့်တနေရင်းမှ နောက်ဆုံးသတိရမိတာက ကျွန်တော်အသက်ရှင်ဖို့ မေ့နေတယ်ဆိုတာပါပဲ။ ဤနေရာတွင် ဆိုးရိုးစကားတစ်ခုကို တင်ပြချင်ပါသည်။ ဘ၀သည် တစ်လမ်းသွားခရီးနှင့် တူပါသည်။ သွားခဲ့ပြီးသော ခရီးအား လုံးသည် နောက်ကြောင်းသို့ ပြန်လှည့်၍မရနိုင်ပါ။ အဆိုပါသဘောကို နားလည်မိလက်ခံမိလျှင် လက်ရှိရထား သော ဘ၀သည် ပိုပြီးအဓိပ္ပါယ်ရှိပါလိမ့်မည်။
ထိုကြောင့် ကျွန်တော်နားလည်မိသည်က ကျွန်တော့်အတွက်ရရှိထားသောအချိန်သည် ယခုအချိန်ပဲဖြစ်ပါသည်။ ဘ၀ဆိုတာကို တစ်လမ်းသွားခရီးဟု ယူဆမိသည့်အချိန်မှစပြီး မိမိပြုမှုပြောဆိုနေထိုင်မှုအားလုံးသည် ရိုးစင်း လာပါသည်။ တကယ်တော့ ဘ၀ဆိုတာ အစမ်းလေ့ကျင့်ခြင်းဆိုတာ မရှိပါဘူး။ အမှန်တကယ် သရုပ်ပြ လက်တွေ့ လုပ်ဆောင်နေရခြင်းဖြစ်ပါသည်။ ယခုအချိန်မှစပြီး ကျွန်တော်တို့ရရှိထားသော အချိန်များကို တန်ဖိုးရှိရှိ အသုံးချနေထိုင်သွားဖို့ လိုအပ်ပါသည်။
ကျွန်တော့်အတွက် တန်ဖိုးရှိရှိနေထိုင်ဖို့ဆိုတာ အောက်ပါအခြေခံ(၃)ချက်ပေါ်မူတည်ပါသည်။
(၁) ပေါင်းသင်းဆက်ဆံရေး
(၂) ဆုံးဖြတ်ချက်များ
(၃) အတွေ့အကြုံ တို့ပဲဖြစ်တယ်။
(၁) ပေါင်းသင်းဆက်ဆံရေး
ကျွန်တော်တို့ ထိတွေ့ဆက်ဆံရသော အပေါင်းအသင်းများသည် ကျွန်တော်တို့ မည်သူမည်ဝါဖြစ်သလဲနှင့် ကျွန်တော်တို့ ဘာဖြစ်လာနိုင်သည်ဆိုတာကို အများကြီးအဆုံးအဖြတ်ပေးနိုင်ပါသည်။ တစ်နည်းအားဖြင့် အပေါင်းအသင်းသည် ကျွန်တော့်တို့ဘ၀အောင်မြင်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွန်တော်တို့၏ အောင်မြင်မှု (သို့) ဆုံးရှုံးမှုများသည် ဆက်ဆံရသောအပေါင်းအသင်းများပေါ်တွင် မူတည် ပါသည်။ ကောင်းမွန်သော အပေါင်းအသင်းများသည် ဘ၀အောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်သလို မကောင်းသော အပေါင်းအသင်းများသည် ဘ၀အောင်မြင်ရေးကို ဆုတ်ယုတ်စေနိုင်ပါသည်။ ထို့ကြောင့် ဘ၀အတွက် အထောက်အပံ့ဖြစ်နိုင်မည့် အကျိုးရှိနိုင်မည့် အပေါင်းအသင်းကောင်းကို ရွေးချယ်တတ်ဖို့သည် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။ လူမှန်နေရာမှန်ဖြစ်ဖို့သည် ကောင်းမွန်သော အပေါင်းအသင်းများမှသာ စတင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ရရှိထားသော အချိန်နှင့် ခွန်အားများကို ကောင်းမွန်သော အပေါင်းအသင်းများဖြင့် ရင်းနှီးမြှပ်နှံပါက ဧကန်အောင်မြင်အောင်ဘ၀ကို ရရှိနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် ကျွန်တော်တို့ဘ၀အတွက် မွေးဖွားခြင်းမှသည် သေဆုံးသည်အထိ ဒွန်တွဲအပေါင်းအသင်း တစ်ဦးဖြစ်သည့် မိမိကိုယ်ကိုလည်းမိမိ အမြဲတမ်းရိုသေလေးစားစွာ ထိန်းသိမ်းစောင့်ရှောက်ဖို့နှင့် မိမိစိတ်အား ထက်သန်သော အလုပ်ကိုမြတ်နိုးစွာလုပ်ဖို့ အထူးဂရုပြုသင့်သည်။
(၂) ဆုံးဖြတ်ချက်များ
ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များသည်လည်း ဘ၀ကိုအကျိုးရှိစွာ နေထိုင်သွားဖို့အတွက် အထူးအရေးကြီးသည်။ နေ့တိုင်းနေ့တိုင်းသည် အကောင်းဆုံးဖြစ်ရမည်ဟုသော ဆိုးရိုးစကားအတိုင်း ကျွန်တော်တို့ ဖြတ်သန်းရသောနေ့တိုင်း သည် ခွန်အားရှိသော လန်းဆန်းသော အဖိုးမဖြတ်နိုင်သော နေ့ကောင်းရက်မြတ်များအဖြစ် ပြောင်းလဲဖို့လိုအပ်သည်။ ထို့အတွက် စည်းကမ်းရှိသောဆုံးဖြတ်ချက်များ အထူးလိုအပ်သည်။ ချမှတ်ထားသော ရည်ရွယ်ချက်များကို ပြောင်မြောက်စွာပုံဖေါ်နိုင်ခြင်းသည် ၄င်းအပေါ်တွင်မူတည်နေပါသည်။ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် နေ့စဉ်တွေ့ကြုံရသော အခွင့်အလမ်းများပေါ်တွင် အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်သည်။ အခြေအနေမည်မျှ ပြောင်းလဲစေ ကာမှု ကောင်းမြတ်သော စိတ်ထားဖြင့် ဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးပါသည်။
(၃) အတွေ့အကြုံများ
နေ့စဉ်ဖြတ်သန်းရသော အတွေ့အကြုံမျးသည် ဘ၀တွင်တန်ဖိုးရှိရှိနေထိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါ သည်။ အတွေ့အကြုံများသည် ကျွန်တော်တို့ဘ၀ ဘယ်လောက်အတိုင်းအတာအထိ ရင့်ကျက်စေသလဲဆိုတာ ကိုဆုံးဖြတ်ပေးသည်။ အချို့သော အတွေ့အကြုံများသည် တွေ့ကြုံရသော ပတ်ကျင်ဝန်းမှလေ့လာခြင်းအားဖြင့် ရရှိနိုင်ပါသည်။ အချို့သည် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ရရှိနိုင်သည်။
အကျဉ်းချုပ်အားဖြင့် ဘ၀သည် မည်မျှအသက်ရှည်စွာနေထိုင်ရသည်အပေါ်တွင် မူမတည်နိုင်ပါ။ မည်မျှအတိုင်း အတာထိ အကျိုးရှိစွာ နေထိုင်ခြင်းအပေါ်တွင်သာ မူတည်ပါသည်။ အသက်မည်မျှရှည်စေကာမူ တန်ဖိုးရှိစွာ နေထိုင်ခြင်းမရှိခဲ့ပါက အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ထိုကြောင့် ကျွန်တော်တို့သည် ရရှိထားသောဘ၀ကို အကျိုးရှိရှိအသုံးချနိုင်ရန်အတွက် ချစ်ခြင်းမေတ္တာတရားထားရှိခြင်း၊ ရှင်လှူလူမျှခြင်း၊ ကူညီဖေးမခြင်း၊ အားပေး အားမြှောက်ခြင်း၊ အများအကျိုးဆောင်ရွက်ခြင်းစတာတွေပေါ်မှာ အားထုတ်ကြိုးပမ်းသင့်ပါသည်။

Wednesday, September 1, 2010

အောင်မြင်တဲ့ မန်နေဂျာဖြစ်ဖို့ နည်းလမ်းများ - Ways to be a successful Manager

သင်စီမံကွပ်ကဲနေရတဲ့ ဝန်ထမ်းတွေဟာ အနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ ခံစားချက်တွေရှိနေရင် သင့်ရဲ့စီမံကွပ်ကဲမှုဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး...အောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ သင့်ကို အောင်မြင်တဲ့မန်နေဂျာတစ်ယောက်ဖြစ်စေမယ့် နည်းလမ်းတွေပါပဲ...
ကျွန်တော်ဟာ အဖွဲ့အစည်းအကြီးကြီးတွေမှာ နှစ်တော်တော်ကြာ အလုပ်လုပ်ဖို့ အခွင့်အရေးရခဲ့ပြီး ရုံးတက်ချိန်စောစောတွေမှာပဲဖြစ်ဖြစ် နောက်ကျတဲ့ရုံးဆင်းချိန်တွေမှာပဲဖြစ်ဖြစ် ပျော်ရွှင်မှုကိုပြသနိုင်ခဲ့ပါတယ်။ “ဒီနေ့သောကြာနေ့ဖြစ်နေတာ ဘုရားသခင်ကိုကျေးဇူးတင်လိုက်တာ” ဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်တော် သုံးလေ့ရှိတဲ့ အသုံးအနှုန်းမဟုတ်ပါဘူး။ တကယ်တမ်းတော့ သောကြာနေ့ဟာ တော်တော်မြန်မြန်ကိုရောက် လာတတ်တဲ့အမျိုးဖြစ်ပါတယ်။
အပြုသဘောဆောင်တဲ့ အပေါင်းလက္ခဏာအတွေးမျိုးကို အဓိကသင်ယူခဲ့သူကတော့ ကျွန်တော့်ဖခင်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ဖခင်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ခြေထောက်မှာအကြီးစားဒဏ်ရာရပြီး တစ်သက်လုံးအဲဒီဒဏ်ရာနဲ့နေသွားရပေမယ့် သူ့ဟာ အပြုသဘောဆောင်တဲ့အကောင်းဘက်က အတွေးကိုပဲ အမြဲတွေးခဲ့ပါတယ်။ ကျန်ရှိတဲ့ဘဝအချိန်ကိုမိသားစုနဲ့ပျော်ရွှင်စွာကုန်ဆုံးပြီး လုပ်ငန်းတာဝန်ပိုင်းမှာလည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူရဲ့အပြုသဘောဆောင်တဲ့ ရှုမြင်သုံးသပ်ချက်များဟာ သူ့ဘဝရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။
ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲမှာ အပြုသဘောဆောင်တဲ့ တွေးခေါ်မှုများနဲ့ပတ်သက်ပြီး “အပြုသဘောဆောင်စွာတွေးခေါ်တတ်တဲ့သူမျိုးတွေဟာ ပိုမိုသိမြင်တတ်၊ ပိုမိုတီထွင်နိုင်ပြီး မဟာဗျူဟာ ပိုကျတယ်။ သူတို့ဟာ တခြားသူတွေထက် ပိုမိုပြတ်သားစွာ တွေးမြင်နိုင်စွမ်းရှိတယ်” လို့ဆိုထားပါတယ်။
အထူးသဖြင့်ယနေ့အချိန်လို ဆူညံရှုပ်ထွေးတဲ့စီးပွားရေးလောကမှာ အပြုသဘောဆောင်စွာတွေးခေါ်တတ်တဲ့ ခေါင်းဆောင်မျိုး အဖွဲ့အစည်းတိုင်းလိုအပ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ တချို့သောလူတွေဟာ နဂိုကတည်းက အပြုသဘောဆောင်စွာတွေးခေါ်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ တချို့ကျတော့လည်း လွန်ကဲစွာ အဆိုးမြင်တတ်ပြီး အဲဒါကိုလည်း ပြင်ဖို့ကြိုးစားလေ့မရှိတဲ့သူတွေဖြစ်ပါတယ်။ အများစုသောသူတွေ ကတော့ အလယ်အလတ်မှာပဲရှိနေပြီး သူတစ်ပါးကိုရော ကိုယ်တိုင်အပေါ်မှာပါ အကောင်းမြင်ပြီးအပြုသဘော ဆောင်စွာတွေးခေါ်ရင်း လောကရဲ့ အကျိုးတွေကို ခံစားနိုင်ပါတယ်။
သဘောထားအပြောင်းအလဲ
ဘဝမှာလမ်းရိုးအတိုင်းတရားသေမသွားဘဲ သဘောထားပြောင်းလဲဖို့ အသင့်ပဲလို့စဉ်းစားနေသူတွေအတွက် သတင်းကောင်း တစ်ခုရှိပါတယ်။ “လူရဲ့ဦးနှောက်ဟာ ချဲ့နိုင်ချုံ့နိုင်မှုမြင့်မားပါတယ်။ ဦးနှောက်ဆိုင်ရာ ဆက်သွယ်မှုတွေကို အသစ်ပြန် တည်ဆောက်နိုင်ပြီး၊ ပြုမူဆောင်ရွက်မှုအသစ်များကိုလည်းသင်ယူနိုင်ပါတယ်။ အခိုင်အမာ အမြစ်တွယ်နေတဲ့ အပြုအမူများကိုတောင် ဘယ်အသက်အရွယ်မှာမဆို ပြန်ပြင်ဆင်လို့ရပါတယ် ” လို့ Strategy + Business ဂျာနယ်ထဲက ခေတ်ပေါ်သုတေသနပြုချက်များ ရှာဖွေတွေ့ရှိချက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဲဒီ့သုတေသနများမှန်ကန်ကြောင်းကို သင့်အလုပ်ခွင်မှာလေ့လာကြည့်ရင်လည်း သိနိုင်ပါတယ်။ အလုပ်ခွင်တော်တော်များများက တော်လှချည်ရဲ့ဆိုတဲ့ အုပ်ချုပ်သူများဟာမွေးရာပါ အရည်အချင်းများကြောင့်ဆိုတာထက် လေ့ကျင့်ယူထားတဲ့အရည်အချင်းများနဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်မွေးမှုလမ်းကြောင်းတစ်လျှောက်မှာ မိမိကိုယ်ကိုဖြည့်တင်းရင်း အားစိုက်ထုတ်ရင်းဖြတ်သန်းသူများ ဖြစ်ပါတယ်။
ဒါကြောင့် လူတိုင်းအတွက် ကိုယ်တိုင်မှာသာစိတ်ဆန္ဒရှိရင် ပြောင်းလဲဖို့ဆိုသာအလွန်ကိုဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ဦးဆောင်သူတွေအနေနဲ့ရော ဒီလိုပြောင်းလဲမှုအတွက် ဘယ်လိုအားပေးတိုက်တွန်းမလဲ။ ကိုယ်တိုင်က အရင်စတင် လိုက်သင့်ပါတယ်။ ကိုယ့်ညွှန်ကြားမှုအောက်မှာရှိနေတဲ့ ၀န်ထမ်းတွေကို အပြုသဘောဆောင်စွာ အလုပ်လုပ်စေတတ်ခြင်းဟာ ခေါင်းဆောင်တိုင်းစိတ်ဝင်စားတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ လိုက်ပါဆောင်ရွက်ရမယ့်အဆင့်တွေကလည်း အများကြီးမရှိပါဘူး……
၁။ အသိအမှတ်ပြုခြင်းကို ဖော်ပြပါ။
လူတစ်ယောက်ရဲ့ကြိုးစားဆောင်ရွက်မှုအတွက် အသိအမှတ်ပြုခြင်းဟာ အဲဒီလူအတွက်အကောင်းဆုံးဆု ဖြစ်ပါတယ်။ သင့်ညွှန်ကြားမှုအောက်မှာ လူ ၁၀ ယောက်ရှိရင်အဲဒီ ၁၀ယောက်လုံးကို သင်အသိအမှတ်ပြုဖူး ပါသလား။ အသိအမှတ်ပြုဖြစ်တယ်ဆိုရင်တောင် အဲဒီအသိအမှတ်ပြုမှုကို ထုတ်ဖော်ပြောဆိုဖူးပါသလား။ ဒါဆိုအပြစ်တင်စကားမပြောရတော့ဘူးလားလို့မေးလာနိုင်ပါတယ်။ အဲဒီလိုမဆိုလိုပါဘူး။ အပြစ်တင်သင့်ရင် မညှာမတာအပြစ်တင်ပစ်တယ်ဆိုရင် ချီးကျူးစရာကြုံလာရင်လည်း ထုတ်ဖော်ချီးကျူးဖို့ပဲဆိုလိုတာဖြစ်ပါတယ်။ သိပ်တော်တဲ့ခေါင်းဆောင်တွေဟာ ဝေဖန်လို့ဝေဖန်မှန်းမသိအောင်ပြောဆိုပြီး သူတို့လိုရာကို ဆွဲခေါ်သွားနိုင်သူတွေဖြစ်ပါတယ်။ အဲဒီလိုခေါင်းဆောင်တွေဟာ သူ့ဝန်ထမ်းတွေနဲ့ ရစ်သမ်မိသူလည်း ဖြစ်လာပါလိမ့်မယ်။
အသိအမှတ်ပြုခြင်းကိုကောင်းကောင်းထုတ်ဖော်ပြောဆိုတတ်တဲ့ခေါင်းဆောင်ဟာ ထုတ်လုပ်မှုမြင့်မားတဲ့ အဖွဲ့ကိုရရှိမှာဖြစ်ပြီး အဖွဲ့ရဲ့အင်ပြည့်အားပြည့်လုပ်ဆောင်မှုကိုလည်းရရှိနိုင်ပါတယ်။ တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ်အသိအမှတ်ပြုနိုင်ဖို့ကြိုးစားကြည့်ပါ။ သင်ဆိုရင်ရော ကိုယ့်လုပ်ဆောင်ချက်အပေါ်အသိအမှတ်ပြုမှုနဲ့လျစ်လျူရှုမှု ဘာကိုလိုချင်လဲဆိုတာ သိအောင်သုံးသပ်ကြည့်ပါ။
၂။ ကျန်းမာကြံ့ခိုင်အောင်နေပါ။
အခုပြောနေတာတွေနဲ့ကျန်းမာအောင်နေတာက ဘယ်လိုပတ်သက်ပါလိမ့်ဆိုတဲ့အတွေးမျိုးများ တွေးမိသွားပါသလား။ ဒါဆိုမေးခွန်းတစ်ခုလောက်မေးကြည့်ချင်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အရာတစ်ခုခု နေမကောင်းဖြစ်နေခဲ့ရင် သင်ဘယ်အရာကိုအကောင်းဘက်က အပြုသဘောဆောင်စွာ ခံစားပေးလို့ရနိုင် ပါသလဲ။ အလွန်များတဲ့လုပ်ဆောင်ဖွယ်ရာများ၊ ခရီးတိုများ၊ ရှည်လျားတဲ့အလုပ်ချိန်များကြောင့် ခေါင်းဆောင် တာဝန်ယူထားသူတွေဟာ ပိုပင်ပန်းရလေ့ရှိပါတယ်။ အာဟာရဖြစ်တဲ့အစားအစာများကိုစားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဖြင့် အလုပ်လုပ်ရတဲ့စိတ်ခံစားမှုနဲ့ စွမ်းအင်တွေ သိသိသာသာကွဲပြားသွားတာတွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ကျန်းမာကြံ့ခိုင်မှုကိုဂရုမပြုခဲ့ဘူးဆိုရင် သာမန်ဝန်ထမ်းများထက်ပိုမိုပင်ပန်းတဲ့ ခေါင်းဆောင်ဘဝမှာ သင်ဟာ ကြာကြာရှည်ရှည်ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာမဟုတ်ပါဘူး။ ကျန်းမာကြံ့ခိုင်နေတဲ့အခါ ကိုယ်တိုင်သာမက ကိုယ့်လုပ်ဖော်ကိုင်ဖက်များလည်း ကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်နိုင် တော့ပါဘူး။ ခေါင်းဆောင်နေရာယူပြီးအလုပ်လုပ်နေသူတစ်ယောက်ဟာ လေ့ကျင့်ခန်းတစ်ခုလောက်ကိုတော့ ပုံမှန်ယူသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ လေ့ကျင့်ခန်း လုံးဝမလုပ်ဘဲနေတဲ့ ခေါင်းဆောင် (သို့) လေ့ကျင့်ခန်းပြတ်တောင်းပြတ်တောင်းလုပ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်အပေါ်တုန့်ပြန်ပုံတွေဟာလုံးဝကွဲပြားတာတွေ့ရပါတယ်။ ကျန်းမာကြံ့ခိုင်နေတဲ့ ခေါင်းဆောင် တစ်ယောက်ဟာ အလုပ်ကြံ့ကြာမှုမရှိဘဲလုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် အလုပ်များများ ဆောင်ရွက်နိုင်ဖို့ မိမိကိုယ်ကို ကျန်းမာနေအောင်မဖြစ်မနေ ဂရုစိုက်ပါ။
၃။ အဖွဲ့အပေါ် အာရုံစိုက်ပါ။
အဖွဲ့အစည်းတော်တော်များများမှာ လူတစ်ဦးချင်းစီရဲ့ဆောင်ရွက်မှုအတွက် ဂုဏ်ပြုပေးတဲ့လုပ်ဆောင်မှုတွေ ရှိပါတယ်။ အမှန်တကယ်တော့ အောင်မြင်မှုတွေဆောင်ကြဉ်းနိုင်ခဲ့သူဟာ တစ်ယောက်ထက်ပိုခဲ့ရင်လည်း ဂုဏ်ပြုပေးသင့်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကြီးမားတဲ့အောင်မြင်မှုတစ်ခုဟာ ကြီးမားတဲ့အင်အားနဲ့အရယူ ရတာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု(သို့) အသင်းအဖွဲ့တစ်ခုဟာ အောင်မြင်မှုကိုအတူတကွရယူပြီးခဲ့ရင် တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုတွေတိုးလာနိုင်ပါတယ်။ အဖွဲ့ထဲမှာ ရှိနေသူတွေ တစ်ယောက်နဲ့တစ်ယောက်ချိတ် ဆက်မိမိဆောင်ရွက်ပြီးရလာတဲ့ အောင်မြင်မှုဟာ တစ်ဦးချင်းရလာတဲ့အောင်မြင်မှုထက် တစ်ခါတစ်ရံမှာ အဓိပ္ပာယ်ပိုရှိနေတတ်ပါတယ်။ တစ်ခုဂရုပြုစရာရှိတာက တစ်ယောက်ချင်းစီကိုယ်တိုင်က စတားဖြစ်နေတဲ့ အဖွဲ့ထဲမှာတော့ အဖွဲ့လိုက်စုစည်းမှုရဖို့ခက်ခဲနိုင်ပါတယ်။ သင်ဟာဦးဆောင်သူကောင်းတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သင့်အဖွဲ့မှာ ရှိသူအားလုံးဟာ စိတ်အင်အားအပြည့်နဲ့ ပိုမိုတီထွင်နိုင်တဲ့အစွမ်းတွေရှိလာဖို့ စွမ်းဆောင်နိုင်ရပါလိမ့်မယ်။
၎။ သံသယရှိဖို့လိုလာလျှင် သံသယရှိပါ။
နောက်ဆုံးအချက်အနေနဲ့ပြောချင်တာကတော့ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့အောင်မြင်မှုမှာ အကောင်းမြင်တတ်ခြင်း၊ အပြုသဘောဆောင်စွာအလုပ်လုပ်တတ်ခြင်းဟာ ကောင်းမွန်တဲ့အခြင်းအရာ ဖြစ်ပေမယ့်လည်း လွန်လွန်ကဲကဲကြီး ပုံကြီးချဲ့တာမျိုးဖြစ်မလာစေဖို့ ဂရုစိုက်ပါ။ အကောင်းဘက်ရှုမြင်တတ်မှု ဟာအရေးပါပေမယ့် ကိုယ်လုပ်ကိုင်ဆောင်ရွက်သမျှဟာ သိပ်အဖြစ်မရှိရင်တောင် “မင်းလုပ်သမျှ သိပ်လက်ရာ မြောက်တာပဲ” လို့ ပြောတတ်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုးလည်း လူတိုင်းမှာရှိနိုင်ပါတယ်။ အကောင်းဘက်က အပြုသဘောဆန်ဆန်ပြုမူလုပ်ကိုင်ဖို့ပြောဆိုရင်းနဲ့ သံသယရှိဖို့ပြောလာခြင်းဟာ ဆန့်ကျင်ဘက်အသွင်ဆောင် ပေမယ့်လည်း တစ်စုံတစ်ရာကိုပိုမိုကောင်းမွန်လာစေဖို့ဆိုတဲ့စိတ်နဲ့သံသယရှိဖို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ ပျက်စီးစေလိုတဲ့စိတ်နဲ့ သံသယရှိဖို့ဆိုလိုတာမဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုထဲမှာ အဲဒီလိုစိတ်နဲ့ အဖွဲ့ဝင်တွေရဲ့ ယူဆချက်တွေကို အကောင်းမျှော် သံသယစိတ်နဲ့ကြည့်တတ်သူတွေလည်း လိုကိုလိုအပ် ပါတယ်။
ခေါင်းဆောင်တစ်ယောက်ဟာ ပင်ကိုစွမ်းရည်ကိုထိန်းသိမ်းရင်း၊ အဲဒီစွမ်းရည်နဲ့ အလုပ်လုပ်ရင်း၊ ရလဒ်များကိုပြန်လည်သုံးသပ်ရင်း၊ ပြိုင်ဘက်လုပ်ငန်းတွေရဲ့ခြေလှမ်းတွေကို အကဲခတ်ပြီး လှုပ်ရှားရင်း၊ မဟာဗျူဟာတွေချမှတ်ရင်း၊ ကျွမ်းကျင်တာထက်ကျွမ်းကျင်အောင်ဖန်တီးရင်းနဲ့ သူ့ဘဝရဲအချိန် တော်တော်များများကို ဖြတ်သန်းသွားရပါလိမ့်မယ်။ အဲဒီလုပ်ဆောင်ဖွယ်ရာတွေကပဲ သူတို့ကိုအောင်မြင်မှုဆီ တွန်းပို့ပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ အဲဒါတွေထက်ပိုမိုအရေးကြီးတဲ့အရာကတော့ သင့်ရဲ့ဝန်ထမ်းတေ အပေါ်ထားတဲ့ သင့်သဘောထားပဲဖြစ်ပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်တစ်ခုဟာ ဖြစ်နိုင်ချေတော်တော်များများ ကို ကနဦးအချိန်ကတည်းက ကန့်သတ်ပစ်တတ်တဲ့အရာဆိုတာကို သတိပြုပါ။ အကောင်းမြင်တတ်ခြင်း နဲ့ အပြုသဘောဆောင်စွာတွေးခေါ်တတ်ခြင်းကတော့ ရွေးချယ်စရာများနဲ့ အခွင့်အလမ်းများရှိတဲ့ကမ္ဘာ ကို ဖွင့်ပေးနိုင်တဲ့ သော့ချက်ဖြစ်ပါတယ်။
ဒါကြောင့်အရာရာကို အကောင်းမြင်တတ်စွာ အပြုသဘောဆောင်စွာတွေးခေါ်ရင်း အလုပ်ခွင်နေ့ရက်များကို ဖြတ်သန်းကြည့်ပါ။

Monday, August 30, 2010

ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက် - The Secrets of Happiness


စီကာပတ်ကုံးလျောက်မချဲ့ခင် အဖြေကိုစပြီး ပြောပြချင်ပါတယ်။ အဓိကသော့ချက်ကတော့ ကိုယ်ရရှိထားတာကို နှစ်သက် လက်ခံနိုင်ဖို့ပါဘဲ။ အဖြေကရှင်းရှင်းလေးပါ။ အဲဒါကိုများ ဘယ်လိုလုပ်ပြီး လူတော်တော်များများက မပျော်ရွှင်နိုင်ကြတာလဲမသိပါဘူး။

လွန်ခဲ့သော အပတ် တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံ ၀ိသုဒကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း မှော်ဘီ ဖားအောက်ရိပ်သာရဲ့ ပဓါန နာယကဆရာတော် ဦးကုမုဒ၏ တရားပွဲမှာ ဘာသာပြန် ကပ္ပိယလုပ်ရင်း တရားနာ စင်္ကာပူနိုင်ငံသား ယောဂီတစ်ယောက်နဲ့ တရားပွဲအပြီး စကားပြောဖြစ်ခဲ့ကြတယ်။ တက်နိုင်သမျှ နေ့လည် ၂နာရီကစပြီး ၅နာရီလောက်အထိ ဆရာတော်ဟောတရားကို ဘာသာပြန်ပေး၊ မေးမြန်းတာတွေ ဘာသာပြန်ပေးအပြီးမှာ ထိုယောဂီက သူသိချင်တာလေးကို ဆရာတော်အား မေးလျောက်ချင်လို့ ဘာသာပြန်ပေးရန် အကူအညီထပ်တောင်းတာနဲ့ ဆရာတော်ပြန်မကြွခင် အပူကပ်ခဲ့ရသေးတယ်။ သူ့ကြည့်တော့ လူပုံစံက ခပ်အေးအေး၊ အပူသောက အရမ်းမရှိတဲ့မျက်နှာနဲ့၊ ခြေထောက်တစ်ဖက်ကလည်း မသန်စွမ်း။ မေးမြန်းချင်တာတွေပြီးတော့ ကျွန်တော်လည်း စပ်စုလိုစိတ်ရှိတာနဲ့ မင်းကြည့်ရတာ သိပ်ပြီး အပူသောက မရှိသလို အေးအေးဆေးဆေးပါလား၊ မင်းမျက်နှာမှာလည်း စင်္ကာပူနိုင်ငံကလူတွေမှာ အင်မတန်မှ ရှာရခက်တဲ့ အပြုံးနဲ့ ဘာဆေးတွေများသုံးလို့လဲလို့ ဟာသနှောပြီး မေးလိုက်ပါတယ်။

ထိုလူကဘဲ အေးဆေးစွာ စိတ်ရှည်ရှည် ပြန်ဖြေခဲ့ပါတယ်။ သူဟာ အသက် ၂၀ ၀န်းကျင်လောက်တုန်းက ပျော်ရွှင်စရာလက်ဆောင် တစ်ခုရခဲ့ပါတယ်တဲ့။ အဲဒါကတော့ သူမော်တော်ဆိုင်ကယ်စီးရင်း အမှတ်မထင် ခြေထောက်တစ်ဖက် ဒဏ်ရာရလိုက်တာပါဘဲ။ ဖြစ်စတုန်းကတော့ သွေးသံတွေကိုကြည့်ရင်း သူတော်တော်လေး စိတ်ဓါတ်ကျသွားတယ်။ ဒါနဲ့ စိတ်ထဲက ချက်ချင်းဘဲ အဖြေတစ်ခုထွက်လာတယ်။ သူဟာ ဒီဒုက္ခကြောင့် ဒီလိုပုံစံနဲ့သာ ဘ၀တစ်ခုလုံး စိတ်ဓါတ်ကျနေမယ်ဆိုရင် လူဖြစ်ရတာ ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူးဆိုတာကို ဆေးရုံရောက်ရောက်ချင်း သံဝေဂရလိုက်တယ်။ ဒါ့ကြောင့် အဲဒီလို စိတ်ဓါတ်ကျနေမည့်အစား ဘ၀တစ်ခုလုံးကို တန်ဖိုးရှိရှိ အသုံးချဖို့ သူ အဲဒီကတည်းကစပြီး သံဓိဌာန် ချမှတ်ခဲ့ပါတယ်လို့ ဖြေခဲ့ပါတယ်။ အထူးသဖြင့် အကောင်းမြင်စိတ်နဲ့ သူဆက်ပြီး ဘ၀မှာ လက်ခံကျေနပ်သွားဖို့ဆိုတဲ့ အချက်ကိုဘဲ။

ဒါ့ကြောင့် ကိုယ်မှာရှိတာကို ရဲ့ရဲ့ဝံ့ဝံ့လက်ခံ ကျေနပ်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် ရန်ကုန်မှာနေစဉ်က လိုင်းကားစီးဖို့ ကားစောင့်ရတာကို အင်မတန်မှ စိတ်ပျက်ခဲ့မိတယ်။ ဒီလိုနဲ့ စင်္ကာပူရောက်လာတော့လည်း အဲဒီစိတ်ပျက်မှုပုံစံက မပျောက်သေးဘူး။ ဒါတောင် သယ်ယူပို့ဆောင်ရေး စနစ်အကောင်းဆုံးလို့ အရှေ့တောင်အာရှမှာ စံတင်ထားရတဲ့နိုင်ငံ။ တစ်ခါတစ်လေ ကိုယ်စီးမည့် ကားအလာကိုစောင့်ရင်း ထင်တာထက် ပိုကြာလာရင် စိတ်တိုလာတယ်။ ဒါကြောင့်ကျွန်တော်တို့တစ်တွေဟာ အဲဒီလို အသေးအမွှားကိစ္စလေးတွေကအစ မိမိရဲ့ အင်မတန်မှ စွမ်းအားရှိလှတဲ့ စိတ်ခွန်အားတွေကို ဖြုန်းတီးတတ်ကြတယ်။ သတ်မှတ်ထားတဲ့အချိန် ကားမလာရင်၊ ချစ်သူက ကိုယ်ဖြစ်ချင်သလို လိုက်မလုပ်ရင်၊ လက်အောက်ငယ်သားက ကိုယ်ပြောတာ နားမထောင်ရင်၊ သားသမီးက ပုန်ကန်ရင်၊ ကိုယ်မွေးတဲ့ မျောက်က ကိုယ့်ပြန်ခြောက်ရင်… အပြုသဘောအစား အပျက်စိတ်နဲ့ ရင်ဆိုင်ကြတာဟာ အများစုရဲ့ အားနည်းချက်ပါဘဲ။ အဲဒီအခါ မိမိ စိတ်မလွတ်သွားဖို့ အထူးသတိထားရန် လိုပါတယ်။


အများစုသော လူတွေရဲ့ ပျော်ရွှင်မှုဆိုတာဟာ ပြင်ပ ပစ္စည်းကိရိယာတွေ အပေါ်မှာသာ အဓိကမှီခို နေကြတာဖြစ်ပါတယ်။ မိမိတို့ရဲ့ အတွင်းစိတ်မှာ ရှာဖွေကြဖို့ မေ့လျော့နေကြတယ်။ တချို့ကပြောတယ်။

“စင်္ကာပူမှာ အလုပ်လေးတစ်ခုလောက်ရပြီး ပိုက်ဆံနှစ်သိန်း သုံးသိန်းလောက် အိမ်ကို ထောက်ပံ့နိုင်ရင် တော်တော်ပျော်ပါပြီ။”

“နှစ်သက်သော အလုပ်၊ ကား၊ အိမ်၊ ဖုန်း စတာတွေရှိရင် ပျော်ပါပြီ”

“ကိုယ်ကြိုက်သော ချစ်သူက ပြန်ပြီးနှစ်သက်မယ်ဆိုရင် ဒီတသက် သေပျော်ပါပြီ”

အဲဒီလို အစရှိသော ဘယ်တော့မှ လိုအင်မပြည့်နိုင်တဲ့ ပျော်ရွှင်မှုတွေကို ဖြည့်ဆည်းရင်းနဲ့ လယ်လုပ်သားကြီးလို ဘ၀အဆုံးသတ်ကြရဦးမှာဖြစ်ပါတယ်။ လယ်လုပ်သားကြီးက သူ့စိတ်ထဲမှာ သူ့အလုပ်လုပ်တဲ့ လယ်ပိုင်ရှင်ဆီက လယ်နှစ်ကွက်လောက်သာ သူပိုင်ရင် သေပျော်ပါပြီတဲ့။ တစ်နေ့မှာ အသက်ကြီးရင့်ပြီဖြစ်တဲ့ အဲဒီလယ်လုပ်သားကြီးကို လယ်ပိုင်ရှင်က ခေါ်ပြီး ဟော့ဒီက ငုတ်တစ်ချောင်းယူသွားပြီး ခင်ဗျား လိုချင်တဲ့ နေရာရောက်ရင် အဲဒီငုတ်ကို စိုက်လိုက်ပါ။ အခုနေရာကစပြီး စိုက်လိုက်တဲ့အထိကို ခင်ဗျားရဲ့ ပိုင်ဆိုင်မှု့လို့ သတ်မှတ်ပေးမယ်ဆိုပြီး အဆိုပါငုတ်ကို ပေးလိုက်တယ်။ လယ်လုပ်သားကြီးကလည်း အားရ၀မ်းသာစွာနဲ့ အရင်က ရည်ရွယ်ထားသော လယ်နှစ်ကွက်မက အစွမ်းကုန် ပြေးပြီး ငုတ်စိုက်ဖို့ ကြိုးစားပါတယ်။ တစ်ခုသော နေရာရောက်ရင် နောက်ပြန်ကြည့်လိုက် နဲသေးတယ်ဆိုပြီး ဆက်ပြေး၊ ပြန်ကြည့် အားမရသေး၊ ဆက်ပြေး၊ နောက်ဆုံးတော့ သေပွဲဝင်ခဲ့ရပါတယ်။ အဲ့ဒီလယ်လုပ်သားကြီးလို အဖြစ်မကြုံရစေဖို့ ဘ၀မှာ မိမိမှန်းထားတဲ့ လယ်ကွက်ရောက်ရင် မြန်မြန်ငုတ်စိုက်နိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ လူပျင်းတို့ရဲ့ စွန့်စားမှုမပါ ဗလာသက်သက် စားလိုက် အိပ်လိုက် စိတ်ပျက်စရာ အားထုတ်မှုကို မဆိုလိုပါဘူး။

ပျော်ရွင်မှုဆိုတာကို ပတ်ဝန်းကျင် ပြင်ကတွေက မဖန်တီးနိုင်ပါ။ မိမိအတွင်းစိတ်ကသာလျှင် ဖန်တီးနိုင်တယ် ဆိုတာကို သိဖို့ လိုပါတယ်။ ဘယ်သူမပြုမိမိအမှု့၊ မိမိကိုယ်တိုင် မိမိလုပ်သမျှကို လက်ခံ ကျေနပ်နိုင်ဖို့ အထူးအရေးကြီးပါတယ်။ ပျော်ရွင်မှုဟာ ချဲထိုး၊ ထီထိုးလိုက်လို့ ကံကောင်းပြီး ပေါက်ကိန်းကြုံသလို မဟုတ်ပါဘူး။ မိမိကိုယ်တိုင်က အင်တိုက် အားတိုက် ကြိုးကြိုးစားစား ဖန်တီးယူရမှာဖြစ်တယ်။ အဲဒီလိုဖန်တီးယူနိုင်ဖို့ကလည်း လူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အခြေခံအစအားထုတ်ရမှာက မိမိရဲ့ စိတ်ဓါတ် အခြေခံကို အပြုသဘောဆောင်နိုင်အောင် အရင်ကြိုးစားရမှာဖြစ်ပါတယ်။ တွေ့ကြုံ ထိတွေ ဆက်ဆံသမျှ အပြုသဘောဖြင့် ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။

လူအများစုဟာ နေ့တိုင်း နေ့တိုင်း ဟုတ်တာရော မဟုတ်တာတွေရော စုပေါင်းပြီး အလုပ်တွေ ရှုပ်နေတတ်ကြပါတယ်။ အဓိကအရေးကြီးဆုံးက ဘယ်ဟာက ပိုပြီး အရင်လုပ်သင့်သလဲ ဆိုတဲ့ နံပါတ်အစဉ်တပ်ပြီး လုပ်ဆောင်သွားဖို့လိုပါတယ်။ အဲဒီလို နေ့စဉ်ပြုလုပ်သွားရင် မိမိရဲ့ အားသာချက် အားနည်းချက်တွေကို ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ အဲဒီလို နေ့စဉ်ကတဆင့် လစဉ် ထိုမှ နှစ်စဉ် ဦးတည်ချက်တွေ ချမှတ်သွားပြီး မိမိကိုယ်ကို မလိမ်တမ်း ကြိုးပမ်းဖို့လိုပါတယ်။ စနစ်တကျ လေ့ကျင့်သွားမယ်ဆိုရင် မိမိတို့ရဲ့ ဘ၀မှာ ထားသင့်တဲ့ တန်ဖိုးအရှိဆုံး ပျော်ရွှင်မှုကို ရရှိနိုင်ကြပါလိမ့်မယ်။



လူတိုင်း လူတိုင်း မိမိကိုယ်ကို မိမိ ကောင်းချီးပေးနိုင်ကြပါစေ။


Thursday, July 29, 2010

ဈေးကွက်ဖော်ဆောင်သူများ အတွက်..


ဒီနေ့ တနင်္ဂနွေနေ့ ဆိုတော့ ခါတိုင်းနေ့တွေထက်စာရင် ပိုပြီး အချိန်ရတာနဲ့ ကျွန်တော့်ဝမ်းစာအတွက် လုပ်ကိုင်နေရတဲ့ အလုပ်နဲ့ နှီးနွယ်မည့် အကြောင်းကို ရေးဖို့ စိတ်ကူးလိုက်ပါတယ်။

ကျွန်တော့်ရဲ့ ၅ နှစ်တာ (ရန်ကုန် ၂ နှစ်၊ စင်္ကာပူ ၃ နှစ်) ကာလ ဖြတ်သန်းခဲ့တဲ့ ဈေးကွက်ဖော်ဆောင်ခြင်း အတွေ့အကြုံဟာ ကျွန်တော့်ရဲ့ မူလရှိရင်းစွဲ ဈေးကွက်အတွက်အကြုံကို ပိုပြီး ရင့်ကျက်မှု ရလာစေသလို၊ အဲဒါနဲ့ပတ်သတ်ပြီး နည်းနည်းပါးပါး ကိုဖောရွှေ လုပ်နိုင်လာတယ်လို့ ၀န်ခံပါရစေ။

ကျွန်တော် စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဘွဲ့ရပြီးတော့ ကျွန်တော့်ကို ကျွန်တော် ဘာအလုပ်နဲ့ ၀မ်းစာရှာရရင် ကောင်းမလဲပေါ့။ အထူးသဖြင့်ကတော့ ကိုယ့်ဘ၀မှာ အပျော်ဆုံးအလုပ်နဲ့၊ မဖြစ်မနေ ဖြတ်သန်းရမည့် ဘ၀ရဲ့ အချိန်တွေကိုကုန်လွန်ရင်း အလုပ်လုပ်ဖို့ အရမ်းကို တောင့်တမိပါတယ်။ ဒါ့ကြောင့် မိမိဘာကို အားသန်သလဲဆိုတာ ကိုယ့်ကိုယ်ကို သတိထားရင်းနဲ့ …

သြော်..ငါက-- တင်းတင်းကျပ်ကျပ် အမိန့်တွေအောက်မှာ လုပ်ရတာမကြိုက်၊ နေ့တဒူဝ မပြောင်းလဲသော အလုပ်တွေကို( ဥပမာ - စာရင်းကိုင်၊ ကွန်ပျူတာ စာရိုက်၊ စာရင်းစစ် အစရှိသဖြင့်) မနှစ်သက်ဘူး။

ကိုယ်ကြိုက်တာက …. ဆန်းသစ်တီထွင်မှု၊ လူတွေနဲ့ ဆက်ဆံမှု၊ သူတပါးအတွက် ၀န်ဆောင်မှု၊ အပြင် အထူးသဖြင့် ကျွန်တော်သိချင်တာ ကတော့ လူတွေဟာ သူတို့ရဲ့ ပိုက်ဆံတွေကို သူတို့နှစ်သက်မှုအလိုက် ဘယ်လိုသုံး ဖြုန်းနေကြသလဲဆိုတာကိုဘဲ။

ဒါ့ကြောင့် ရန်ကုန်မှ ကျွန်တော် အလုပ်စလုပ်တဲ့အခါကျတော့ အဲဒီ ဆန်းသစ်တီထွင်မှု တွေနဲ့ လုပ်ဆောင်နေရသော အလုပ်တစ်ခုဖြစ်တဲ့အပြင် မိမိကလည်း စိတ်အားထက်သန်တဲ့အလုပ်ဖြစ်တဲ့ ဈေးကွက်ဖော်ဆောင်မှု အလုပ်ကို စပြီးလုပ်ခဲ့တယ်။ နောက်ပြီး အဲဒီဘာသာရပ်ဟာ ကျောင်းသားဘ၀တည်းက အင်တိုက်အားတိုက် စိတ်ပါဝင်စား လေ့လာခဲ့တဲ့ ဘာသာရပ်လည်းဖြစ်နေတယ်။

ကျွန်တော့်အတွက်ကတော့ ဈေးကွက်ဖော်ဆောင်တဲ့အလုပ်ဟာ သူ့နေရာ ဌာနအလိုက် ကန်သတ်မှုရှိတဲ့ အလုပ်မျိုးမဟုတ်ဘူး။ နောက်ပြီး အများက ယူဆထားသလို ကြော်ငြာလုပ်ခြင်း(တီဗွီ-ရေဒီယို-အက်ဖ်အမ်-စာရွက်-အင်တာနက်တို့တွင်)၊ ဈေးပွဲတော်လုပ်ခြင်း၊ အရောင်းအားမြှင့်တင်ခြင်း၊ ၀ယ်သူအကြိုက် လုပ်ဆောင်ခြင်း ဆိုတဲ့အချက်တွေတင် မကပါဘူး။ ဒါကို အထူးသတိပြုဖို့လိုပါတယ်။

ဈေးကွက်ဖော်ဆောင်ခြင်းသည် စနစ်တကျ လေ့ကျင့်ပြင်ဆင်ထားသော ကြီးမားတဲ့ ဖြစ်စဉ်ပါဘဲ။ အဲဒီ ဖြစ်စဉ်ထဲမှာ ဘာတွေပါဝင်နေသလဲဆိုရင် .. ၀ယ်သူနှစ်သက်မှုရှိပြီး ၀ယ်ချင်လာအောင်၊ အလွယ်တကူ ၀ယ်နိုင်အောင်၊ ဘယ်လို ပြုမှုလုပ်ဆောင်ရမယ်၊ ၀ယ်သူတွေဟာ မိမိရဲ့ ပြိုက်ဖက်ကနေ မ၀ယ်ဘဲ မိမိဆီမှာ ပိုပြီး ထပ်ခါ ထပ်ခါ ၀ယ်အောင် ဘယ်လိုလုပ်ရမယ်…စတာတွေ ပါဝင်နေတယ်။

ဈေးကွက်ဖော်ဆောင်သူများအတွက် အချက် (၃) ချက်






ဈေးကွက်ဖော်ဆောင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ကျွမ်းကျင်ပညာရှင်များဟာ အောက်ပါ အချက် သုံးချက်ကို မဖြစ်မနေရှိရမှာဖြစ်ပါတယ်။


၁) ခွဲခြမ်းစိတ်ဖြာခြင်း
စင်္ကာပူမှာ ကျွန်တော် အာရှ ပစိဖိတ်ဆိုင်ရာ ဈေးကွက်ဖော်ဆောင်မှုဘာသာရပ်နဲ့ ဘွဲ့လွန်တက်တုန်းက စင်္ကာပူအမျိုးသား တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပြောတဲ့စကားကို သတိရမိတယ်။ ဆရာကပြောတယ်-- အခုသင်မည့် သင်ခန်းစာမှာ “ကုန်စည်” ဆိုတဲ့စကားကို မသုံးဖို့။ မပြောဖို့။ ပြောခဲ့ရင် ဒဏ်ငွေချမယ်ဆိုတယ်။ အဖြေကတော့ ရှင်းပါတယ်- ဘာကြောင့်လဲဆိုတော့ ကုန်စည်ဆိုတာမရှိဘူး၊ အရာရာတိုင်းကို ခွဲခြမ်းစိတ်ဖြာနိုင်လို့ဘဲ။


ဘယ်လိုနည်းနဲ့မှကို ကုန်စည်လို့ခေါ်တဲ့ ပစ္စည်းဆိုတာမရှိပါ။ အဲဒီကုန်စည်သည်ပင်လျှင် သူ့ပတ်ဝန်းကျင်မှာ အမျိုးမျိုးသော ၀န်ဆောင်မှုတွေနဲ့ ၀န်းရံနေလို့ဘဲဖြစ်တယ်။ ဥပမာ - ခေါင်းလိမ်းဆီ ဆိုတဲ့ ကုန်စည်မှာ ကွဲပြားခြားနားတဲ့ ၀န်ဆောင်မှုတွေဖြစ်တဲ့ အရည်အသွေး၊ သင့်တင်လျောက်ပတ်မှု (ဗောက်သေခြင်း၊ ဆံပင်ပေါက်ခြင်း၊ နက်ခြင်း၊ အမွှေးရနံ့သင်းခြင်း)၊ ယုံကြည်စိတ်ချရချင်း၊ ထိုက်တန်သော ဈေးနှုန်းဖြင့် ရောင်းခြင်း စတာတွေက ၀န်းရံနေပါတယ်။ ဒီတော့ အဲဒီ ပစ္စည်းသည်ပင်လျှင် ကွဲပြားခြားနားတဲ့ ၀န်ဆောင်မှုပေါ်လိုက်ပြီး ပြောင်းလဲသွားတယ်။ အဲဒီလို ဈေးကွက်ဖော်ဆောင်သူတွေက ခွဲခြမ်းစိတ်ဖြာနိုင်ရမယ်။ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အသိဥာဏ်ရှိရမယ်။


၂) ဆန်းသစ်တီထွင်ခြင်း
မိမိတို့လုပ်ရတဲ့ လုပ်ငန်းပတ်ဝန်းကျင်ဟာ အထူးသဖြင့် အပြုသဘောဆောင် ဆန်းသစ်တီထွင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ဖြစ်ခဲ့လျှင့် မိမိကိုယ်မိမိ အလွန်ကံကောင်းသူလို့ မှတ်ချက်ချလိုက်ပါ။ ဒီလိုပါဘဲ.. ဈေးကွက်ဖော်ဆောင်သူတွေဟာ မိမိလုပ်တဲ့လုပ်ငန်းမှာ ဆန်းသစ်တီထွင်မှုရှိတဲ့ ပတ်ဝန်းကျင်၊ ဆန်းသစ်တီတွင်မှုရှိတဲ့ စိတ်ဓါတ်နဲ့လုပ်နေကြတဲ့သူတွေကို ခန့်အပ်ခြင်း ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ မရှိရင် အတက်နိုင်ဆုံး ကြိုးစားပြီး ဖန်တီးပါ။


ဘာကြောင့်လဲဆိုတော့ သမရိုးကျ ဈေးကွက်ဟာ အောင်မြင်မှုလျော့နည်းလာတဲ့အခါ ဆန်းသစ်တီထွင်မှုရှိတဲ့ ဈေးကွက်ဖော်ဆောင်သူတွေသာလျှင် အနာဂါတ်ဈေးကွက်ကို ဖန်တီး၊ စီမံနိုင်မှာဖြစ်တယ်။ သိထားရမှာက မိမိတို့သည် ဆန်းသစ်တီထွင်နေတဲ့ ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေရမယ်ဆိုတဲ့ အသိဘဲ။


ယနေ့ကမ္ဘာကြီးကို ကြည့်ရင်လည်း အတူတူပါဘဲ။ ဆန်းသစ်တီတွင်မှုရှိတဲ့ ဒေသတွေသာလျှင် ကမ္ဘာမှာ အတိုးတက်ဆုံး ဖြစ်နေကြတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို ကြည့်ရင်လည်း ဒီအတိုင်းဘဲ။ စင်္ကာပူနိုင်ငံဟာ တစ်ကယ်တော့ ရန်ကုန်တိုင်းထက်တောင် အကျယ်အ၀န်အားဖြင့် ကျဉ်းမြောင်းပါတယ်။ ထို့အတူ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် အသေးဆုံးနိုင်ငံဖြစ်တယ်။ ဒါပေမဲ့ စီးပွားရေ၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ နည်းပညာ၊ ကုန်သွယ်ရေး၊ ၀န်ဆောင်မှု စတဲ့နေရာတွေမှာ တိုးတက်နေရုံမကဘဲ ရှိပြီးသားကို ဆန်းသစ်တီထွင်မှု အမြဲရှိနေတဲ့အတွက် အခြား အခြားသော အရှေ့တောင်အာရှနိုင်ငံတွေထက် စာရင် တိုးတက်မှုနှုန်း အမြင့်မားဆုံးလို့ ဆိုနိုင်တယ်။ ဒါကြောင့် ကြီးသည် သေးသည်က ပဓါနမဟုတ်ဘဲ၊ အရည်အချင်း ဆန်းသစ်တီထွင်ခြင်းကသာ ပဓါနဆိုတာကို နားလည်သဘောပေါက်ရမယ်။


၃) ရှေ့ကဦးဆောင်ခြင်း
ဈေးကွက်ဖော်ဆောင်သူတွေအားလုံးသည် စီမံခန့်ခွဲသူများမဟုတ်ဘဲ ရှေ့က ကြိုပြေးနေတဲ့ ဦးဆောင်ရှင်တွေဖြစ်တယ်။ အကယ်၍ မိမိဟာ နေ့စဉ်လုပ်ငန်းရဲ့ အချိန်တော်တော်များများကို စာရင်းအင်း၊ ဖွဲ့စည်းပုံ အဆင့်ဆင့်၊ ကုန်ကျစရိတ်၊ အသေးအမွားကိစ္စတွေပေါ်မှာဘဲ အာရုံကရပြီး လုပ်ကိုင်နေမယ်ဆိုရင် မိမိသည် ဈေးကွက်ဖော်ဆောင်သူမဟုတ်၊ စီမံခန့်ခွဲသူသာဖြစ်သည်။


ဦးဆောင်ရှင်ဖြစ်ဖို့အတွက်ဆိုရင် မိမိရဲ့ အချိန်တော်တော်များများကို အခွင့်အရေးကို မျက်ခြေမပျက် စောင့်ကြည့်ခြင်း၊ စိတ်ကူးဖော်ဆောင်ခြင်း၊ ရည်မှန်းချက်ခြမှတ်ခြင်း၊ လူတွေနဲ့ဆက်ဆံခြင်း စတာတွေအပေါ်မှာ အသုံးပြုဖို့လိုပါတယ်။


တချို့ကပြောတယ်။ ဦးဆောင်သူတွေဟာ ရုပ်ရည် ဥပတိ ကောင်းမွန်ဖို့၊ သူတပါးတွေအားကျအောင် လုပ်ပြဖို့၊ စိတ်ဝင်စားအောင်နေထိုင်ဖို့ လိုအပ်တယ်တဲ့။ ဒါဆိုရင် တချို့သော အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများဟာ သူတို့ရဲ့အလုပ်တွေကို တည်ငြိမ်အေးဆေးတဲ့နည်းလမ်းနဲ့ လုပ်ငန်းမှာရှိတဲ့ သူတွေရဲ့ စိတ်နဲ့နှလုံးသားကို ထိတွေ့ဆက်ဆံကြတာတွေ လက်တွေ့မှာ အများကြီးရှိပါတယ်။ သူတို့တွေဟာ ရိုးရှင်းပွင်လင်း၊ ဟိတ်ဟန်မရှိ၊ သူတပါးကိုစားနာထောက်ထားပြီး ဆက်ဆံရေးကောင်းမွန်သောသူများ ဖြစ်ကြတယ်။ ဆိုရိုးစကားတစ်ခုအရဆိုရင် “အောင်မြင်တဲ့ ဦးဆောင်ရှင်ဆိုတာ လူတွေက သူရှိတယ်လို့တောင် သိပ်မသိကြရင် အကောင်းဆုံးဘဲ”တဲ့။ ဒါကြောင့် မိမိတို့အနေနဲ့ ကနဦးအဆိုကို သေချာစီစစ်ပြီးမှ ယနေ့လက်ရှိအောင်မြင်နေကြသော ဈေးကွက်ဖော်ဆောင်သူတွေရဲ့ထုံးကို နှလုံးမူရမှာ ဖြစ်ပါတယ်။


အောင်မြင်နေကြသော ဈေးကွက်ဖော်ဆောင်သူတွေဟာ အမြဲတမ်းပြောင်းလဲ ဆန်းသစ်တီထွင်နေတဲ့ ဈေးကွက်ကို နားလည်အောင် အချိန်ပေး၍ လက်တွေ့ လေ့လာ လုပ်ဆောင်နေသူများဖြစ်ပါတယ်။


နိဂုံးချုပ်ရမည်ဆိုလျှင် အထက်ပါဖော်ပြခဲ့သော အချက် (၃) ချက်ကို ယနေ့လက်ရှိ ဈေးကွက်ဖော်ဆောင်သူတွေ အနေနဲ့ ကြိုးစားလုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။ တကယ်တော့ ဈေးကွက်ဖော်ဆောင်မှုကို လေ့လာမည်ဆိုရင် တစ်ရက်နဲ့ ရနိုင်ပြီး ကျွမ်းကျင်ဖို့ဆိုရင်တော့ ဘ၀တလျောက်လုံး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။


+++အားလုံး အားလုံး --- မိမိအလုပ်မှာ ထားရှိရမည့် အကောင်းဆုံးအရည်အချင်းတွေနဲ့ ပြည့်စုံကြပါစေလို့…+++




++ ၀န်ခံချက် - ဆရာ ဖီးလစ် ကိုခ်လာ၏ ဈေးကွက်ဖော်ဆောင်ခြင်း၏ စီမံခန့်ခွဲမှု စာအုပ်မှ တချို့ကို မှီညမ်းထားပါသည်။++

Friday, June 25, 2010

အပြောင်းအလဲကို လက်ခံဖို့ - Accepting Change


အထူးသဖြင့် ယနေ့ခေတ် ကျွန်တော်တို့တတွေဟာ စစ်မှန်တဲ့ ပျော်ရွှင်မှု့၊ လွတ်လပ်မှု့၊ ငြိမ်းချမ်းမှု့များကို တောင့်တ လိုလားကြသော်လည်း လက်တွေ့မှာ တကယ်ရအောင်လုပ်ဖို့ အင်မတန် ၀န်လေးနေတက်ကြပါတယ်။ ဘာ့ကြောင့်အခုလို ၀န်လေးနေကြသလဲဆိုတာကို စဉ်းစားကြည့်ရင် အဓိက အကြောင်းအရင်းတစ်ခုကတော့ ပြောင်းလဲမှု့ကို လက်ခံနိုင်တဲ့စွမ်းရည်ဟာ ကျွန်တော်တို့တတွေမှာ နည်းပါးနေတဲ့အတွက်ကြောင့်လို့ ယူဆမိပါတယ်။

တကယ်တော့ မိမိရဲ့အလုပ် ဆုံးရှုံးတဲ့အခါ စိုးရိမ်သောကရောက်ရတယ်၊ မိမိရဲ့ ချစ်သောသူ နဲ့ခွဲခွာရတဲ့အခါ ပူဆွေးငိုကြွေးကြတယ်၊ မိမိဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျကြတယ်၊ အစရှိတာတွေဟာ ကျွန်တော်တို့တစ်တွေ မလွဲမသွေ ရင်ဆိုင်ကြုံဆုံနေကြရတယ်။ အမှန်တကယ်ကတော့ အခုလို ပူဆွေး သောက စိုးရိမ် ပူပန်ရခြင်းရဲ့ အကြောင်းဟာ မိမိအလုပ်ဆုံးရှုံးခြင်း၊ ချစ်သူနဲ့ ကွာကွဲခြင်း၊ ဖြစ်ချင်တိုင်း ဖြစ်မလာခြင်းစတာတွေကြောင့်မဟုတ်ဘဲ မိမိကိုယ်တိုင်က ဖြစ်ပျက်မှုရဲ့ အပြောင်းအလဲကို လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းတွေကြောင့်သာ ဖြစ်တယ်ဆိုတာကို နားလည် သဘောပေါက်ရပါလိမ့်မယ်။

ကျွန်တော်တို့ဘ၀မှာ တခါတလေ ကောင်းသော အပြောင်းအလဲကိုတောင် လက်ခံပြောင်းလဲဖို့ တော်တော်လေးကြိုးစားရတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်ဖူးကြပါလိမ့်မယ်။ အဲဒီအခါကြရင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့၊ အားပေးဖို့၊ ပြင်လည်ပြင်ဆင်ဖို့၊ ပြန်လည်စုစည်းဖို့ စတဲ့အချက်အလက်တွေကို ပြုလုပ်ရပါတယ်။ အထူးသဖြင့် အဲဒီအပြောင်းအလဲဟာ မိမိဘ၀အတွက် စိတ်ချ၊ ယုံကြည်၊ ခိုင်မာသော အပြောင်းအလဲဖြစ်အောင် အဘက်ဘက်က ကြိုးစားဖို့လိုပါတယ်။

အကယ်၍ လက်မခံနိုင်ဘူးဆိုရင်တောင် ဘာကြောင့်လဲဆိုတဲ့ အခြေခံအကြောင်းကို မိမိကိုယ်တိုင် သေချာစွာ ဆန်းစစ်ဖို့ လိုပါတယ်။ အခွင့်အခါသင့်လျင် မိမိရဲ့ မိတ်ဆွေ (သို့) ပညာရှိများနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်ရယူပါက ပိုကောင်းပါတယ်။ ဒါပေမဲ့လည်း မိမိရဲ့ စိတ်ဓါတ်ကသာ ပဒါနကြတယ်ဆိုတာကို မမေ့ပါနှင့်။ ကနဦး မိမိစိတ်ကို မိမိနားလည် သဘောပေါက်အောင် ကြိုးစားရမှာဖြစ်တယ်။

ဘ၀မှာ ပြောင်းလဲမှုထက် ပိုပြီး ပီပြင် သဘာဝကျသောအရာ မရှိနိုင်ပါဘူး။ “အကြောင်းတရားအားလုံးသည် သူ့အလိုလိုဖြစ်ပေါ်ပြီး သူ့အလိုလိုသာလျှင် ပျက်စီး အဆုံးသတ်ကြရသည်” ဟု ဗုဒ္ဓစာပေတွင် လေ့လာမှတ်သားဖူးသည့် အတိုင်း ကျွန်တော်တို့ ရင်ဆိုင်ရသော ကောင်းခြင်း ဆိုးခြင်း ပူဆွေးခြင်းအားလုံးတို့ဟာ သူ့ဖာသာသူ အဆုံးသတ်သွားကြတာ လက်တွေ့ကြုံဖူးပါလိမ့်မယ်။ ဥပမာအားဖြင့် မိမိကြုံတွေ့ခဲ့ရတဲ့ ပျော်ရွှင်ခဲ့မှု့တွေ၊ စိုးရိမ်ခဲ့မှု့တွေကို ပြန်လည်စဉ်းစားကြည့်ပါ။ သေချာတာကတော့ ပြန်လည်မှတ်မိနိုင်ပြီး အဲဒီအတွေ့အကြုံတွေအားလုံး ဘယ်ကို ရောက်သွားသလဲဆိုတာ မည်သူ သိနိုင်ကြပါမလား?။ ဒါ့ကြောင့် အဓိက သတိရဖို့ကတော့ ခံစားမှုအားလုံးသည် တဒင်္ဂသာ ဖြစ်ပြီး ဘ၀ရဲ့ သဘာဝအကျဆုံးအဆင့်ဖြစ်တဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့ လက်မခံနိုင်မှုကြောင့် အဲဒီခံစားမှုတွေဟာ ဖန်တီး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း နားလည်ဖို့လိုပါတယ်။

တကယ်တော့ ကျွန်တော်တို့အတွက် အဓိက စွမ်းဆောင်ရည်ရှိဖို့ကတော့ မိမိရဲ့ အတွင်းနဲ့အပြင်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲနေသော သဘာဝကို လက်ခံပြီး ထိုမှတဆင့် တကယ်လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ နဲ့ ဘ၀ရဲ့ ငြိမ်းချမ်းမှုကို ဖန်တီးဖို့ဖြစ်ပါတယ်။ မိမိကိုယ်ကလည်း ပြောင်းလဲမှုကို ခံနိုင်ရည်ရှိပြီး အပြောင်းအလဲကို နားလည်ဖို့ ကြိုးစားနေခြင်းသည်ပင်လျှင် မိမိကိုယ်တိုင် ဒုက္ခမဖြစ်ဖို့ အပြင် မိမိပတ်ဝန်းကျင်ကိုပါ ဒုက္ခ မရောက်အောင် ဆောင်ရွက်ခြင်းသကဲ့သို့ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိကိုယ်တိုင်က အသိဥာဏ်မြင့်မားအောင်၊ ရင့်ကျက်မှုရှိအောင်အပြင် မိမိပတ်ဝန်းကျင်ကိုပါ အားကျမှုရှိအောင် ကြိုးစားဖို့လိုပါသည်။

ဒီနေရာမှာ ကျွန်တော်တစ်ယောက် ရွှေတောင်ကုန်းဆရာတော်ကြီး စင်္ကာပူမှာ တရားစခန်းဖွင့်စဉ်က ဆရာတော်ကြီး မိန့်ကြားခဲ့သော စကားကို ပြန်ပြီး ဖောက်သည်ချပါရစေ။ အဲဒီတုန်းက ညနေစောင်းအချိန်ဆိုတော့ ဆရာတော်ကြီးကလည်း အေးအေးဆေးဆေးရှိတာနဲ့ မိနစ် ၄၀ မျှကြာအောင် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးကပြောတယ်။

“ဘ၀မှာ မိမိကြောင့် သူတစ်ပါးဒုက္ခမရောက်အောင်
ပြုမှု ပြောဆို ကြံတွေးရမှာ ဖြစ်သလို
သူတစ်ပါးကြောင့် မိမိမှာ
ဒုက္ခမဖြစ်အောင်လည်း ပါးနပ်ရမယ်”
ဆိုတဲ့မိန့်ကြားစကားပါဘဲ။

ဒါကြောင့် ကျွန်တော်တို့တစ်တွေဟာ ဆရာတော်ကြီး မိန့်မှာချက်နဲ့အညီ လုပ်ကိုင်ကြဖို့ တိုက်တွန်းပါတယ်။ တချို့က သူတစ်ပါးကို ဒုက္ခမပေးဘူး။ ဒါပေမဲ့ သူတပါးရဲ့ ဒုက္ခကိုတတော့ တလှေကြီး ခံကြရတယ်။ ဒါဟာလည်း မကောင်းဘူး။ နောက်တစ်ခုကတော့ မိမိကိုယ်တိုင်က သူတပါးဒုက္ခမရောက်အောင် အတပ်နိုင်ဆုံး ပြော ကြံ လုပ် ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အပြောင်းအလဲ အတွေ့အကြုံတွေလောက် ဘယ်အရာမှ သဘာဝကျကျ မဖြစ်နိုင်တာကို သိပြီးနောက်မှာ အထူးသတိထားရမှာက ဘ၀ရဲ့ ဖြစ်စဉ်ပြောင်းလဲမှုတွေတိုင်းမှာ မည်သည့်အရာကိုမှ ကြောက်ရွံ့စရာ မလိုဘူးဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင်က အဲဒီ အဖြစ်အပျက် အပြောင်းအလဲတွေကို ပိုပြီး နားလည်လာမယ်ဆိုရင် အဲဒီ အကောင်း အဆိုးဆိုတာတွေရဲ့ ဖြစ်တည်ပျက်မှု (ကိုယ့်ကြောင့် သူတပါးအကျိုးပျက်မှု၊ စိတ်ဆင်းရဲမှု၊ သူတပါးကြောင့် မိမိ အကျိုးပျက်မှု) တွေရဲ့ ဇစ်မြစ်ကို သဘောပေါက်လာပါလိမ့်မယ်။ တနည်းအားဖြင့် ကိုယ်ကိုယ်တိုင်က ပြောင်းလဲမှုကို လက်မခံနိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာများကိုဆိုလိုခြင်းဖြစ်တယ်။

ဒါ့ကြောင့် ကျွန်တော်တို့အတွက် ပြောင်းလဲမှုတွေကို ရင်ဆိုင်ရတိုင်း မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ဖို့ အောက်ပါ အချက်လေးချက်ကို လေ့ကျင့်ထားဖို့တိုက်တွန်းပါတယ်။

၁) ကိုယ်တွေ့ကြုံရတဲ့ အပြောင်းအလဲကို ခုခံတိုက်ခိုက်နေရတဲ့ မိမိရဲ့ စွမ်းရည်ကို နားလည်ပါ။
၂) ပြောင်းလဲမှုဟာ ဘ၀အတွက် သဘာဝအကျဆုံးအရာဆိုတာကို အသိအမှတ်ပြုပါ။
၃) အရာရာတိုင်းဟာ ရေစီးကြောင်းကဲ့သို့ ဖြစ်တည်စီးဆင်းနေတယ်၊ တည်မြဲမှုမရှိ၊ ပြောင်းလဲမှု (ခံစားမှု) တွေဟာ တခဏသာဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပါ။
၎) တွေ့ကြုံရတဲ့ ချမ်းမြေစရာ ပြောင်းလဲမှုနဲ့ စိတ်ညစ်စရာ ပြောင်းလဲမှုများကို လက်ခံပြီး ကျေးဇူးတင်မိဖို့ ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြောင်းလဲမှုတွေကြောင့်ဘဲ မိမိရဲ့ဘ၀ဟာ တိုးတက်ခြင်းကို ဖြစ်စေလို့ပါ။

အထူးသဖြင့် လူတိုင်း လူတိုင်းဟာ မိမိဘ၀ကို သက်တောင့်သက်သာနဲ့ အပြောင်းအလဲကို ရင်ဆိုင်ဖို့ တာဝန်အပြည့်ရှိပါတယ်ဆိုတာကို ယုံကြည်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

++ မည်သူ့ကြောင့်မျှ မိမိကိုယ်ကို စိတ်ဓါတ်မကျပါစေနဲ့။
++ မည်သူမျှ မိမိကို မခြိမ်းခြောက်နိုင်ပါ။
++ အရာရာတိုင်းဟာ ပြောင်းလဲနေတယ်။
++ ခံနိုင်ရည်ရှိမှုဟာ ပန်းတိုင်သို့ ရောက်နိုင်တယ်။

( ၀န်ခံချက်---- အိုင်ယာလန်စာရေးဆရာ မစ်ခ်ကွမ် ရေးသားသော စွမ်းရည်နှင့် အလှတရား စာအုပ်မှ ကောက်နုတ်ချက်တချို့ကို မှီညမ်းထားပါသည်။)

Friday, June 18, 2010

သုံးမှာလား၊ ဖြုန်းမှာလား - Use It or Lose It


မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ကို ဘယ်တော့မှာ သံချေးမတက်စေပါနဲ့။ အထူးသဖြင့် သွက်လက်ဖြတ်လတ်အောင် နေ့စဉ်လေ့ကျင့်ပါ။

မကြခဏဆိုသလို မေးမိသော မေးခွန်း။

“ခင်ဗျား မေ့တက်လား” လို့ မေးရင် အများစုကတော့
“ဟုတ်တယ်ဗျ မေ့တတ်တယ်” လို့ လွယ်လွယ်ကူကူ ပြန်ဖြေတတ်ကြတယ်။

အဲဒီအခါကျရင် နောက်မေးခွန်းက -
“ဟုတ်လား၊ ဒါဆိုရင် ခင်ဗျားဆီက ပိုက်ဆံ တစ်သိန်းချေးသွားတဲ့သူကိုရော ခင်ဗျားမေ့တတ်လား” ဆိုတော့

“ခင်ဗျားကလည်း ပေါက်ကရလေးဆယ်၊ အဲဒါကိုတော့ ဘယ်လိုလုပ်ပြီး မေ့လို့ရမှာလဲဗျ၊ ဒီလောက် ထင်ထင်ရှားရှားကြီးကို” လို့ ပြန်ဖြေကြတယ်။

အဲ့ဒီတော့ ဘာဖြစ်လို့ ဒါကျတော့ မမေ့တာလဲဆိုတော့ အများစုကပြောကြတယ်။ အဲဒီလိုကိစ္စမျိုးကျတော လွယ်လွယ်ကူကူ မေ့ပျောက်လို့ ဘယ်ရမလဲတဲ့။

တကယ်တော့ မေ့တတ်တယ်၊ သတိကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဘာဖြစ်တာလဲဆိုတော့ အလေ့အကျင့် မလုပ်ပေးလို့ဘဲ။ ပုံမှန်အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် မှတ်ဥာဏ်ဆိုတာ အင်မတန်မှ ကောင်းလာပါလိမ့်မယ်။ အဓိကပြဿနာက မှတ်ဥာဏ်စွမ်းရည်ကို နေ့ချင်းညချင်း ကောင်းအောင်လုပ်ချင်တဲ့ အများစုရဲ့ မျော်လင့်ချက်ကြောင့်ဘဲ။ မိမိမှတ်ဥာဏ်ကို သေချာလေ့ကျင့်ပြီး သိချင်သောအရာကို မှတ်ထား၊ ပြီးရင် အသုံးချတဲ့အခါ ပြန်ခေါ်စဉ်းစားကြည့်ပါ။ မှတ်မိတာကို တွေ့ရလိမ့်မယ်။

ကျွန်တော့်တွေ့ဖူးတဲ့ အသက် ၇၅နှစ်ရှိ မစ္စတာယိုး ဆိုရင် အခုအချိန်အထိ ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်ဦးစီးပြီး အလုပ်လုပ်နေတုန်း။ လုပ်သမျှကိစ္စတိုင်း ချက်ကျကျ စနစ်တကျ လုပ်တတ်တဲ့သူ။ အသက်ကြီးပေမဲ့ မှတ်ဥာဏ်ကောင်းတဲ့သူ၊ သူ့ပစ္စည်းဈေးနှုန်း တွက်ချက်မှုတိုင်းကို လက်မတင် ဈေးတွက်ပေးနိုင်သူမျိုး။ ဒါ့ကြောင့် မှတ်ဥာဏ်သည် အသက်ကြီးသည် ငယ်သည်နှင့်မဆိုင်ပါ။ အသက်ကြီးခြင်းသည် လေ့ကျင့်ထားသော မှတ်ဥာဏ်ကို မဖျက်ဆီးနိုင်ပါ။

ဥပမာအနေနဲ့ဆိုရင် - အသုံးမပြုတဲ့ ဓါးလိုပါဘဲ - ပုံမှန်လှီးဖြတ်တဲ့အလုပ်ကို အဲဒီဓားက ဟန်ကျကျ လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီဓားကို ပြန်ပြီး ထက်အောင်သွေးမယ်ဆိုရင်တော့ ပြန်လည် အသွားထက် လှီးဖြတ်နိုင်မှာဖြစ်တယ်။ အဲဒီလိုနဲ့ အနေကြာပြန်ရင်လည်း ဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက် ပြန်လည် သွေးရဦးရပါအုံးမယ်။ မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာလည်း အဲဒီအတိုင်းဘဲ အလုပ်လုပ်ပါတယ်။ အချိန်နဲ့အမျှ မိမိတို့ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အသွားထက်အောင် သွေးနေရမှာဖြစ်တယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုသလို မိမိတို့ရဲ့ မှတ်ဥာဏ်ကိုလည်း အခုဖော်ပြမဲ့ နည်းလမ်း သုံးမျိုးနဲ့ လုပ်ဖို့ ဖော်ပြလိုက်ပါတယ်။

၁) ကြည်ရှုစစ်ဆေးတတ်တဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။

အများစု မေ့တတ်တဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အကြောင်းအရာ ကိစ္စတစ်ရပ်အား ကြည်ရှုစစ်ဆေးတတ်တဲ့ စွမ်းရည်ကို တိုးတက်အောင် မလုပ်ခြင်းကြောင့်ဘဲ။ ရေးလက်စဘောပင်ကို မူလနေရာပြန်မထားဘဲ ပြီးတဲ့နေရာထားခဲ့၊ နောက် ရေးမယ်လုပ်တော့ ရှာလို့မတွေ့လို စိတ်ပျက်ခဲ့ရမှုတွေ။ မိမိဘောင်းဘီအိတ်၊ အင်္ကျီအိတ်ထဲ ထည့်ထားပြီး ပျောက်သွားတဲ့ဘောပင်ကို ရှာနေတာတွေဟာ တကယ်တော့ ပျာယာခတ်နေတဲ့ စိတ်ကို ဒီအတိုင်းလွတ်ထားပြီး အလုပ်လုပ်နေတဲ့အတွက်ကြောင့်ဘဲ။

နောက်ပြီး များသောအားဖြင့် အသိမိတ်ဆွေအသစ်တွေ့လို့ နှုတ်ဆက်ရင် နံမည်ကို အရင်ပြောပြပြီး ဘယ်မှာလုပ်တယ် စသဖြင့် ပြောပြီး မိတ်ဆက်တတ်ကြတယ်။ အကယ်၍ မိမိက သေသေချာချာ မကြားလိုက်ဘူးဆိုရင် ပြန်ပြီး နောက်တစ်ခေါက် နံမည်ထပ်ပြောဖို့ ၀န်မလေးပါနဲ့။ ဒါမှ မှတ်မိမှာကို။ တကယ်လို့ တပါးသူက နံမည်ကပ်ပြားကို ပေးမယ်ဆိုရင်လည်း နံမည်၊အလုပ်အကိုင်ကို သက်ဆိုင်ရာတစ်ခုခုနဲ့ တွဲမှတ်ဖို့ ကြိုးစားပါ။ ဥပမာ - အဲဒီလူနံမည်က မအေးအေးသန်း အလုပ်လုပ်တာက ရွေဝါ၀ါ ကုမ္ပဏီမှာဆိုရင် - မိမိစိတ်ထဲက မှတ်လို့လွယ်အောင် “ရွှေဝါဆပ်ပြာနဲ့ဆိုရင် အသားအရည်ဟာ အေးမြသန့်ရှင်းလိမ့်မယ်” စသည်ဖြင့်ပေါ့ဗျာ။ အတပ်နိုင်ဆုံး မိမိသန်ရာ ၀ါသနာပါရာနဲ့ မှတ်ပါ။ ကျွန်တော် အတွေ့အကြုံအရဆိုရင် အခုလို မှတ်နည်းဟာ အင်မတန်မှကို အကျိုးများပါတယ်။ ကျွန်တော့်ဖောက်သည်တွေရဲ့ နာမည် အလုပ်ဌာနတွေဆိုရင် ရှုပ်မှရှုပ်၊ တချို့က ကုလားလူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ၊ တချို့က မလေးရှားလူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ၊ တချို့က တရုတ်လူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ ဒါပေမဲ့ သူ့နံမည်က အနောက်တိုင်းနံမည်.. အို စုံနေတာဘဲ။ ခေါ်လို့ အခက်ဆုံးက တရုတ်နံမည်တွေဘဲ။

၂) စိတ်အာရုံစူးစိုက်မှုကို မြှင့်တင်ပါ။




ဒါဟာလည်း မှတ်ဥာဏ်တိုးတက်ရေးမှာ အင်မတန်မှကို အရေးကြီးပါတယ်။ အဲဒီအတွက် ပုံမှန်လေ့ကျင့်ဖို့လိုတယ်။ စိတ်အာရုံစူးစိုက်မှုပိုမိုကောင်းမွန်လာပြီဆိုတာနဲအမျှ မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာလည်း လည်ပတ်နှုန်းပိုမိုအားကောင်းလာပြီး မှတ်ထားတဲ့ကိစ္စကို အလွယ်တကူ ပြန်လည် ဖော်နိုင်ပါတယ်။ အခွင့်သင့်လို့ မိမိကြိုက်တဲ့ သီချင်း (သို့) မှတ်စုတစ်ချို့ရဲ့ စာသားများကို အလွတ်ကျက်ပြီး ပြန်လည် ဆိုကြည့်တဲ့လေ့ကျင့်ခန်းမျိုးကိုလုပ်ကြည့်ပါ။ ဤကဲ့သို့ အင်တိုက်အားတိုက် ကျက်မှတ်လိုက်တဲ့အခါ မိမိရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာ ပုံမှန်ထက် ပိုပြီး အားစိုက်လုပ်ကိုင်ရတဲ့အတွက် သာမန်မှတ်သားမှုမျိုးမဟုတ်ဘဲ သေသေချာချာ မှတ်သားခြင်းမျိုးဖြစ်သွားတယ်။ အဲ့ဒီအတွက်ကြောင့် နောက်နောင်ပြန်လည်ပြီး တွေးခေါ်ကြည့်လျှင် ဖော်ပြနိုင်တယ်ဆိုတာ လက်တွေ့ပါဘဲ။


၃) အသစ်အဆန်းတစ်ခုခုကို ပုံမှန်လေ့လာပါ။



မိမိကိုယ်တိုင်က နေ့စဉ် ပုံမှန် အသစ်အဆန်းကို လေ့လာမှတ်သားနေမယ်ဆိုရင် မိမိရဲ့ မှတ်ဥာဏ် ဦးနှောက်ဟာလည်း ပိုပြီး တက်ကြွလန်းဆန်းနေပြီး မိမိကိုယ်တိုင်လည်း ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။ အလွယ်ကူဆုံးကတော့ အဘိဓါန်ထဲက စာသားများကို နေ့စဉ် တစ်လုံး (သို့) နှစ်လုံး အာဂုံဆောင်ပြီး စကားပြောတဲ့အခါဖြစ်ဖြစ်၊ စာရေးတဲ့အခါဖြစ်ဖြစ် အသုံးချတတ်အောင် ကြိုးစားပါ။ အကယ်၍ အင်တာနက်ရှိတဲ့ နေရာမျိုးမှာ နေရင်တော့ မိမိစိတ်ဝင်စားရာ၊ အထူးသဖြင့် မိမိမသိသေးတဲ့ အကြောင်းအရာကို အင်တာနက်စာမျက်နှာတွေကတဆင့် လေ့လာပါ။


အထက်ပါဖော်ပြချက်တွေကို လုပ်သွားမယ်ဆိုရင် ဗေဒင်မေးစရာမလို မိမိရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာ ဆက်စပ် ဖွံ့ဖြိုးမှုအားကောင်းလာမှဖြစ်ပြီး အကြောင်းအရာအချက်အလက်များကို မှတ်သားတဲ့အခါမှာလည်း ပိုပြီး ထက်မြက်စူးရှလာမှာဖြစ်ပါတယ်။




Saturday, May 1, 2010

စည်းကမ်းရှိပါ - Be Discipline


ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကျောင်းသင်ခန်းစာထဲမှာ “စည်းကမ်းသည် လူ၏ တန်ဖိုး”၊ “စည်းကမ်းရှိမှ တိုးတက်မည်” စသည်ဖြင့် လေ့လာကျက်မှတ်ခဲ့ရတာကို အားလုံးသိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီတုန်းက လေ့လာမှတ်သားဖူးတဲ့အတိုင်းရော ကျွန်တော်တို့ ကျင့်သုံးကြပါသလားလို့ အချိန်ရရင် ကိုယ့်ကိုယ်ကို မေးကြည့်မယ်ဆိုရင်တော့ ရာခိုင်းနှုန်းများများဟာ မလုပ်ကြတာကို တွေ့ရပါလိမ့်မယ်။

စည်းကမ်းသည် လူ၏တန်ဖိုးကိုတက်စေသည်။ ငွေကြေးရှိခြင်း၊ မရှိခြင်း၊ ရာထူးရှိခြင်း၊မရှိခြင်းတို့နဲ့မဆိုင်။ အခြေအနေတိုင်းနဲ့မဆိုင်။ မိမိတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည်။ တစ်ဦးချင်းကစ၊ လူပေါင်းများစွာတိုင်ရင် စည်းကမ်းရှိသော မိသားစု၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံ ဖြစ်မှာ မသွေပင်။ တချို့ကပြောတယ် .. မရှိ ခိုးနိုးတဲ့.. အဲဒီအဆိုကို ကျွန်တော်လက်မခံနိုင်ပါ။ မရှိရင် ရှိအောင်လုပ်လို့ရတယ်။ အဲဒီလိုရှိအောင် စည်းကမ်းနဲ့ စရမှာဖြစ်တယ်။ ဘာစည်းကမ်းလဲဆိုရင် အရင်စရမှာက ရှိတာနဲ့ ရောင့်ရဲတင်းတိမ်ပါ ဆိုတာဘဲ။ ဒီနေရာမှာ လူပျင်းတို့ရဲ့ ရောင့်ရဲခြင်းကို မဆိုလိုပါ။ မိမိနဲ့ မတန်သေးတာကို ရအောင်မလုပ်နဲ့။ မိမိလက်ရှိအခြေအနေကို သိအောင်လုပ်ပါ။ ပြီးတော့မှ တဆင့်မြင့်အောင် စနစ်တကျ လှမ်းပါ။ ဖြစ်ချင်တာတွေကို သိပ်ပြီး ဦးစားမပေးပါနဲ့။ လက်ရှိ အခြေအနေမှာ မိမိဘ၀အတွက် ဖြစ်သင့်တာထဲကမှ မိမိဖြစ်နိုင်တာကို အရင် အကောင်အထည်ဖော်ဖို့ ကြိုးစားရမှာဖြစ်တယ်။ ဒါဆိုရင် မိမိသည် အရှိကို အရှိအတိုင်းသိပြီး မိမိမျှော်မှန်းရာ ပန်းတိုင်းကို စနစ်တကျ စည်းကမ်းရှိရှိ လှမ်းနေပြီလို့ ပြောနိုင်ပြီ။

ကျွန်တော်တို့ မြန်မာလူမျိုးအများစု အခက်အခဲက တစ်စိတ်ကို တစ်အိပ်လုပ်ချင်တဲ့ လက်တွေ့မဆန်သော စိတ်ကူးယဉ်သက်သက်တွေနဲ့ စည်းမရှိ ကမ်းမရှိ ဖြစ်ချင်ကြတဲ့အတွက် ဒုက္ခတွေ ပင်လယ်ဝေနေကြတာဘဲ။ ဒါ့အပြင် မရောင်ရာ ဆီလူးတတ်တဲ့အတွက် ဗေဒင်ဆရာ၊ သိုက်ဆရာ တွေရဲ့ တွင်းထဲ နှစ်မွန်းရတာဘဲ။ နိုင်ငံခြားသွားချင်တဲ့သူကလည်း မိမိကိုယ်တိုင်အားထုတ်ဖို့ မကြိုးစား၊ ဒင်းတို့လက်ထဲ ၀ါးကွက်အပ်တယ်။ စာမေးပွဲအောင်ချင်သူ၊ ရာထူးတက်ချင်သူကလည်း စနစ်တကျ စည်းကမ်းရှိရှိ မကြိုးစားဘဲ အင်း၊ ယတြာတို့ ဘာတို့ကို ချဉ်းကပ်တယ်။ ပြီးတော့ ကိုယ်ကောင်းဖို့အတွက် သူများကို ဒုက္ခရောက်အောင် ချောက်တွန်းတတ်ကြတယ်။ ဒါတွေဟာ တကယ်တော့ မိမိအပြင် မိမိနဲ့ထိတွေဆက်စပ်နေတဲ့ သူတွေကိုပါ ပင်ပန်းစေနိုင်တယ်ဆိုတာကို နားလည်ဖို့ကောင်းပါပြီ။ ယနေ့ခေတ်မှာ စည်းနဲ့ကမ်းနဲ့ စတင်ကြဖို့ လိုပါပြီ။

မိမိကိုယ်တိုင်တင်မက သူတပါးဆီကလည်း အတုယူဖို့ လိုအပ်ပါတယ်။ ကောင်းမွန်သော အရာဆိုရင် အတုယူသင့်ပါပြီ။ ကျွန်တော်တို့ငယ်ငယ်တုန်းက မိဘ ဘိုးဘွားတွေဆုံးမသလိုဆိုတဲ့အတိုင်း … ဘယ်ရောက်ရောက် ..သွား စည်းကမ်း၊ စား စည်းကမ်း၊ နေ စည်းကမ်း လို့ ပြောရမလိုတောင် ဖြစ်နေပါပြီ။

စည်းကမ်းစနစ်တကျရှိပြီးသားသူများအတွက် ဘယ်နေရာရောက်ရောက် အထူးတလည် စည်းကမ်းလိုက်နာစရာမလိုပါ။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က စည်းကမ်းရှိနေပြီဖြစ်လို့ဘဲ။ ဥပမာ .. ဆေးလိပ်မသောက်ရဆိုတဲ့နေရာမှာ ဆေးလိပ်သောက်မိလျှင် ဒဏ်ငွေ၊ ဒါပေမဲ့ သူကိုယ်တိုင်က ဆေးလိပ်မသောက်တက်ဖူးဆိုရင် အဲဒီစည်းကမ်းကို လိုက်နာစရာမလို။

ဒီနေရာမှာ ကျွန်တော်တို့ အများစုဟာ ရှောင်ရန်ကျင့်ဝတ်များကို လိုက်နာတက်ကြပြီး ဆောင်ရန်ကျင့်ဝတ်များ ကိုတော့ လိုက်နာဖို့ အင်မတန်မှ ၀န်လေးကြတယ်။ ဥပမာ - သူများအသက်မသတ်ဖို့ ကျင့်ဝတ်ကို လိုက်နာကြတယ်။ ဒါပေမဲ့ ဆောင်ရန်ကျင့်ဝတ်တွေဖြစ်တဲ့ မိမိအ၀တ်အစားတွေ ၀တ်ပြီးရင် လျော်ဖွတ်ဖို့၊ အိပ်ယာသိမ်းဖို့၊ ယဉ်ကျေးစွာ ပြုမှုဆက်ဆံဖို့ စတာတွေကျတော့ အင်တိုက်အားတိုက် မလိုက်နာနိုင်ကြပါ။ ဒါကြောင့်လည်း တိုးတက်သင့်သလောက် မတိုးတက်ကြတာဟာ ဗေဒင်မေးစရာ မလိုပါဘူး။

ဒါကြောင့် ဒီပို့စ်မှာ အထူးသဖြင့် ဆောင်ရန်ကျင့်ဝတ်များကို လိုက်နာကြဖို့ အထူးတိုက်တွန်းရင်း နဲ့ အားကျဖွယ် အတုယူဖွယ် စင်္ကာပူက စည်းကမ်းတချို့ကို ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။